ပုံမှန် သတင်း
မနေ့ညက မီးပုံမှန်လာနေကျ ရက်ကနေ မီးပျက်သွားတယ်ဗျာ။ အမှန်ဆို ညနေ ၅ နာရီဆို ဘယ်နေ့ပဲ ဖြစ်ဖြစ် ပုံမှန်လာနေရာကနေ မနေ့ညနေ ၅ နာရီကပျက်သွားလိုက်တာ ည ၁၁ နာရီ အတိမှ မီးလာတယ်။ ဒါနဲ့ သိလိုက်ပြီ ကျွန်တော်တို့ ညပိုင်းပါ မီး အလှည့်ကျဖြစ်တော့မယ်။ အော် မှောင်မည်းထဲမှာ နေရဦးတော့မှာပါလား။ မီးပျက်တာနဲ့ ဆိုးတာက အိမ်နားက မီးစက်သံတွေပဲ နားမခံနိုင်ဘူး။ ပြီးတော့ အဲဒီကောင်တွေက တစ်နေကုန်လိုလို ဖွင့်နေကြတော့ ဘယ်တော့ မီးထလောင်မလည်းပဲ စိုးရိမ်ရတယ်။ သတင်းစာထဲမှာတော့ ပါပါရဲ့ လျှပ်စစ်မီးကို ၀ါရှော့ဖြစ်ပြီး မီးမလောင်အောင် သတိပေးထားတဲ့ စာသားတွေ။ တကယ်တော့ မီးကြောင့် ၀ါယာရှော့ဖြစ်လောင်တာထက် မီးပျက်လို့ မီးစက်ဖွင့်ပြီးတော့ ဆီထည့်တော့မှ လောင်တာက ပိုများတဲ့ အကြောင်းကြတော့ ရေးထားတာ မတွေ့မိဘူး။ ဘာပဲပြောပြော ကျွန်တော်တို့ မြို့ထဲပိုင်းတွေလည်း အခုတော့ သွားပြီ အမှောင်ထဲမှာ နေရတော့မယ်ဗျာ။
မီးပျက်တာနဲ့ ဘာလုပ်ရမှန်းမသိလို့ သတင်းစာကို လက်နှိပ်ဓာတ်မီးနဲ့ ကောက်ဖတ်လိုက်တာ သတင်းဆန်းတွေ့လိုက်ရတယ်ဗျို့။ နေပြည်တော်က အသစ်ဆောက်ထားတဲ့ တိရိစ္ဆာန် ဥယျာဉ်မှာ ပင်ဂွင်းတွေ ရှိတယ်ဆိုပဲ။ အတော် မျက်လုံးပြူးသွားတယ်။ တွေ့တော့ တွေ့မိတယ် မြေနီကုန်းက အဲဒီ တိရိစ္ဆာန် ရုံကြေငြာထားတဲ့ ဆိုင်းဘုတ်မှာ ပင်ဂွင်းသုံးကောင်ပုံ တွေ့တယ်။ ဒါပေမယ့် တကယ်ရှိမယ်လို့ ထင်မထားမိတာ။ ကျွန်တော် အံ့သြတာက အဲဒီမှာ ပင်ဂွင်းရှိလို့ အံ့သြတာမဟုတ်ဘူး။ နိုင်ငံပိုင် တိရိစ္ဆာန်ရုံ အနေနဲ့ ပင်ဂွင်းလောက်ထည့်ထားတာ အထူးအဆန်း မဟုတ်ပါဘူး။ ပင်ဂွင်းကို သနားလွန်းလို့ အံ့သြတာ။ နေပြည်တော် (ပျဉ်းမနား) မပြောနဲ့ ရန်ကုန်မှာတောင် အခုလက စပြီး ပူလိုက်တာ မွေးကတည်းက ဒီနိုင်ငံမှာ နေလာတဲ့ လူတောင်နေလို့ မရဘူး။ အဲဒီ ရေခဲပြင်ကလာတဲ့ အအေးကြိုက်တဲ့ အကောင်ဘ၀ကတော့ ရင်လေးမိသေးတယ်။ အဲဒီကောင်တွေကို ဘယ်လိုထားလည်းတော့ ကျွန်တော်လည်း မသိဘူး။ ဘယ်လိုထားထား သေချာတာကတော့ ဒီကောင်တွေမှာသာ လူလိုလက်ပါမယ် ဆိုရင်တော့ တရုတ် သိုင်းကားထဲကလို ကိုယ့်ကိုကိုယ် ဓားနဲ့ ရှော့ပစ်ကြလိမ့်မယ်လို့ ထင်တယ်ဗျို့။Zoo, Burma Zoo, Nay Pyi Taw, Pyin Ma Nar
