Transformers ( 7.3.7 )








Transformers (2007) - The most amazing bloopers are here

အရမ်းမိုက်တဲ့ ဇာတ်ကား အသစ် တစ်ကား ဟိုအရင်တနေ့ က ကြော်ငြာ ကြည့်လိုက် ရတယ်။ Metacafe မှာ ကြည့်လိုက်ရတာ။ ဇာတ်ကာနာမည်က Transformers တဲ့။ ရုံတင်မယ့်ရက်ကို ကြော်ငြာထဲမှာ ပြထားတာ 7.4.7 ပါတဲ့။ ဒါပေမယ့် တကယ့် official site သွားကြည့်လိုက်တော့ 7.3.7 ဖြစ်နေတယ်။ နောက်မှ ရက်ချိန်းလိုက်တာ ဖြစ်မယ်။ ဒီကားက အရင် ကျွန်တော် ငယ်ငယ်တုန်းက ကြည့်ခဲ့တာ ကာတွန်းကား ဂျပန်က ဆွဲထားတာ။ အရမ်းမိုက်တယ်။ အရင် အဲဒီ အရုပ်လေးတွေ ရောင်းတုန်းက တစ်ရုပ်ဝယ်ရင် ဗူးထဲမှာ အဲဒီ စက်ရုပ် ကာတွန်း vcd ခွေလေး တစ်ခွေပါတယ်။ အခု အဲဒီ ဂျပန်ကာတွန်းကို Hollywood ကနေ ရိုက်ထားတာ။ ကြော်ငြာ ကြည့်တာနဲ့တင်ကို ကြိုက်သွားတယ်။ ကြော်ငြာမှာ surround နဲ့ အသံက ရေလယ်မိုက်တယ်။ ဒါရိုက်တာက Michael Bay တဲ့။ Pearl Harbor ရိုက်တဲ့ ဒါရိုက်တာ။ Paramount နဲ့ Dream Works က Animation ဆွဲပြီး ပေါင်းထုတ်တာ။


ကြော်ငြာထဲက background music က Linkin Park ရဲ့ Minute To Midnight ထဲက What've I Done? သီချင်းနဲ့။ ဇာတ်ကား ထဲက စက်ရုပ် တွေက အရင် ကာတွန်းက စက်ရုပ်တွေနဲ့ မတူတော့ဘူး။ အရင် ကာတွန်းကို ဇာတ်ကား ကျောရိုးနဲ့ ဇာတ်ကောင် တွေရဲ့ ပုံစံလောက်ပဲ ယူဆွဲထားတာ။ ဒါပေမယ့် graphic ဆွဲထားတာ အ၇မ်းမိုက်တယ်။ စက်ရုပ်တွေက PS1, PS2 ဂိမ်းတွေက Front Mission ဂိမ်းထဲက စက်ရုပ်တွေ နဲ့ ပိုတူတယ်ဗျ။ ဒီမှာ ရုံတင်ဖို့ကတော့ ကြာဦးမယ်ထင်တယ်။ ဒါပေမယ့် နိုင်ငံခြားမှာ ပြရင် ဒီမှာ ရုံထဲမှာ ခိုးကူးထားတဲ့ ၀ါးတားတား အခွေတွေ တော့ ထွက်မှာပဲ။ ထွက်လည်း မကြည့်တော့ဘူး DVD အကြည်ထွက်မှပဲ ကြည့်တော့မယ်ဗျာ။

Technorati tags:
, , , , , , , , , , , , , , , ,

AddThis Social Bookmark Button

အင်တာနက်ကို ရှာဖွေမွေနှောက်ခြင်း

အင်တာနက် သုံးစွဲသူများဟာ ကိုယ်လိုချင်တဲ့ အချက်အလက် ရဖို့ Search Engine တွေမှာ အများဆုံး ရှာဖွေ ကြပါတယ်။ အဲဒီလိုရှာရာမှာ တခါတရံမှာ ကိုယ်လိုချင်တဲ့ အချက်အလက်ကို SE (Search Engine) က ရှာပေးရာမှာ စိတ်တိုင်းကျတဲ့ ရလဒ်မျိုး မရရှိတတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူရဲ့ ရလဒ် ကို ရှာဖွေ ပေးတာက လူမဟုတ်ပဲ Web Spider (Web Crawler, Web Robot) ဆိုတဲ့ program လေးက ရှာဖွေ ပေးလို့ပါ။ သူက ဘယ်လို ရှာပေးလဲဆိုတော့ ကိုယ်ရိုက်ထည့်လိုက်တဲ့ query (ရှာလိုတဲ့ စာသား) ပါတဲ့ Site တွေ မှန်သမျှကို လိုက်ရှာပြီး result ပြပေးခြင်း ကြောင့်ပါ။

ဒါကြောင့် တခါတရံမှာ ကိုယ်ရှာတဲ့ အကြောင်းအရာ query ကို စာသား အကြောင်းအရာနဲ့ ဆိုင်တဲ့ အချက်အလက် တစ်ကြောင်းနှစ်ကြောင်းလောက်သာ ပါဝင်တဲ့ site တွေပါ result မှာ တွေ့ရမှာပါ။ ဒီလိုရလဒ်မျိုးတွေထက် ပိုပြီးတိတိကျကျရှာဖွေ ချင်တယ်ဆိုရင်တော့ Advanced Web Search ကိုသုံးပြီး ရှာနိုင်ပါတယ်။ ဒီလို Advanced Web Search ကို နာမည်ကျော် Search Engine တော်တော်များများမှာ ၀န်ဆောင်မှုပေးထားပါတယ်။ ဥပမာ - Google ရဲ့ Google Advanced Web Search Form ကို ဖြည့်၍ ရှာခြင်းဖြင့် လိုချင်တဲ့ အချက်အလက်ကို တိတိကျကျ ရှာလို့ရပါတယ်။

တချို့ အကြောင်းအရာတွေ ဥပမာ Music, Game, Sports & Travel စတဲ့ အရှာများတဲ့ အကြောင်းအရာတွေကို ရှာဖွေရာမှာ စိတ်တိုင်းကျ ရလဒ်မျိုး မရခဲ့ရင်တော့ Topic တူ အကြောင်းအရာ တူတွေ စုစည်းပေးထားတဲ့ Topic Directory ကနေ ရှာဖွေတာက ပိုကျေနပ်ဖို့ ကောင်းပါလိမ့်မယ်။ ဒီလို Directory Search ကို နာမည်ကျော် Search Engine တွေမှာ ရရှိနိုင် ပါတယ်။ သူ့ကို Topic Directory, Category List, an Index, Directory စသည်ဖြင့် ခေါ်ဝေါ် ကြပါသေးတယ်။

Search Engine တွေမှာ ဒီလို Directory Search တွေအပြင် File Extension နဲ့ ကိုယ်လိုချင်တဲ့ ဖိုင် အမျိုးအစား တွေကိုလည်း ရှာလို့ ရနိုင် ပါတယ်။ ဥပမာ ကိုယ်က mp3 ဖိုင် ရှာချင်တယ် ဆိုပါစို့ index of mp3 လို့ ရိုက်ထည့်ပြီး ရှာလိုက်လို့ ရပါတယ်။ ဒါဆိုရင်သူက mp3 ဖိုင် ရနိုင်တဲ့ ဆိုဒ်တွေကို လာပြပေးမှာပါ။ ဆိုဒ်ကို ကလစ် နှိပ်လိုက်ရင် သူကဆိုဒ်ရဲ့ Directory ကို ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို mp3 ဖိုင် အပြင် တခြား wma, mov, exe စသည်ဖြင့် ကိုယ်ရှာလိုတဲ့ ဖိုင် extension ကို index of နောက်မှာ ထည့်ရှာလို့ ရပါတယ်။ ဖိုင် extension အမျိုးအစား အများကြီးကို တခါထဲ တန်းရှာချင်တယ် ဆိုရင်တော့ ဥပမာ - index of (wmv|mov|mp4|mpg|avi) ဆိုပြီး ရှာချင်တဲ့ extension တွေကို | လေးခြားပြီး ရှာနိုင်ပါတယ်။



သီချင်း ကြိုက်သူများ အတွက်ကတော့ Search Engine ကို အသုံးချစရာ နည်းလမ်းတွေ ရှိပါသေးတယ်။ နောက်ဆုံးထွက် latest သီချင်းတွေကို ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်လေးသုံးပြီး ရှာလို့ရပါတယ်။
-inurl:htm -inurl:html intitle:"index of" "Last Modified" mp3 လို့ ရိုက်ထည့်ပြီး သီချင်း အသစ် တွေကို ရယူနိုင် ပါတယ်။ mp3 မဟုတ်ပဲ တခြားဖိုင် လိုချင်ရင်လည်း mp3 နေရာမှာ လိုချင်တဲ့ ဖိုင် extension ကို ရိုက်ထည့်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ဖိုင်တွေ ရနိုင် ပါတယ်။ သီချင်းဖိုင်ကို သီချင်းနာမည် ဒါမှမဟုတ် သီချင်းဆိုသူ အမည်နှင့် ရှာချင်တယ် ဆိုရင်တော့ -inurl:htm -inurl:html intitle:"index of" mp3 "guns n roses" ဒီကုဒ်ကို အသုံးပြု ရှာနိုင် ပါတယ်။ အဲဒီ ကုဒ်ရဲ့ နောက်ဆုံး mp3 နောက်က ကွင်းထဲမှာ ကိုယ်ရှာချင်တဲ့ သီချင်းနာမည် ဒါမှမဟုတ် အဆိုတော် နာမည်ကို ပြောင်းထည့်ပြီး ရှာရုံပါပဲ။ ဒီလို ရှာခြင်းအားဖြင့် ဆိုဒ်ရဲ့ Directory ကို တိုက်ရိုက် ရောက်တာ ဖြစ်တာကြောင့် တခါတရံ Access Denined ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အားသာချက်က virus တွေ spyware တွေ မကပ်နိုင်ပါဘူး။

နောက် Search Engine ကို လူသိနည်းတဲ့ အသုံးချစရာ နည်းလမ်း တွေလည်း ရှိပါသေးတယ်။ ဒါကတော့ Search Operators တွေကို သုံးပြီးရှာခြင်းပါ။ ဒီ Search Operators တွေကို နာမည်ကျော် Search Engine တော်တော် များများမှာ အသုံးချနိုင်ပါတယ်။ Search Operators တွေက query မှာ ပါတဲ့ စကားလုံး တွေကို တွဲဆက် ပေးပါတယ်။ ဒီ Operators တွေ အကြောင်းကို Search Engine တွေရဲ့ Help pages တွေမှာလည်း ဖတ်ရှုနိုင် ပါတယ်။ Search Operators ၇ မျိုးရှိပါတယ်။ အဲဒါတွေကတော့ -
1. AND
2. OR
3. NOT
4. Quotation Marks
5. NEAR
6. Wildcards
7. Field Searches ဆိုတဲ့ ၇ မျိုးပါ။

1. AND (+)
ဒီကုဒ်ကို ရှာလိုတဲ့ query နှစ်ခုလုံးပါတဲ့ result မျိုး လိုချင်ရင် သုံးပါတယ်။ ဥပမာ - railroad AND cars လို့ ရှာမယ် ဆိုရင် ရမယ့် result က railroad cars တွေ အကြောင်း၊ railroad cars တည်ဆောက်ပုံ အကြောင်း၊ railroad မှာ လမ်းချော်တဲ့ cars တွေ အကြောင်း စတဲ့ railroad နဲ့ cars ဆိုတဲ့ စာသားပါတဲ့ စာမျက်နှာ တွေကို ပြပေးမှာ ဖြစ်ပါတယ်။ ဒီကုတ်ကို ရေးတဲ့ အခါမှာ Operator သုံးရင် AND ကို အားလုံး အကြီးစာလုံးနဲ့ ရေးရပါမယ်။ ဒါ့အပြင် AND အစား ( + ) သင်္ကေတ အစားသုံးလို့ရပါတယ်။

2. OR
ဒီကုဒ် သုံးပြီး ရှာမယ် ဆိုရင်တော့ တစ်ခု မဟုတ် တစ်ခု လိုချင်တဲ့အခါ သုံးနိုင် ပါတယ်။ ဥပမာ - railroad OR cars လို့ ရှာလိုက်ရင် ရလဒ်က railroad ပေါ်က cars အကြောင်း ဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ် railroad အကြောင်း ပဲပါတာမျိုး ဖြစ်ချင်ဖြစ်မယ်၊ cars အကြောင်းချည်းပဲ ပါတဲ့ စာမျက်နှာမျိုး တနည်းအားဖြင့် query နှစ်ခုထဲက တစ်ခုခု ပါရင်ကို ရလဒ် လာပြပေးမှာ ဖြစ်ပါတယ်။ သူ့ကိုလည်း ရေးတဲ့အခါ OR ဆိုပြီး အကြီးနဲ့ပဲ ရေးရပါမယ်။

3. NOT (-)
ဒီ Operator ကိုတော့ မလိုချင်တဲ့ စာသားမျိုး မပါအောင် ရှာတဲ့နေရာမှာ သုံးပါတယ်။ ဥပမာ - railroad NOT cars ဆိုရင် Search Engine က railroad ဆိုတဲ့ စာသားပါပြီး cars ဆိုတဲ့ စာသားမပါတဲ့ စာမျက်နှာ တွေကိုသာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ဒီ Operator ကို သုံးရင် မပါစေချင်တဲ့ စာသားကို NOT နောက်မှာ ထည့်ရပါမယ်။ Operator ကို လည်း NOT ဆိုပြီး အကြီးစာလုံးနဲ့ ရေးရပါမယ်။ NOT မရေးဘဲ ( - ) ဆိုတဲ့ သင်္ကေတလေး နဲ့ လည်းသုံးလို့ ရပါတယ်။

4. Quotation Marks
ဒီ Operator ကတော့ ရိုးရှင်းပါတယ်။ ရှာလိုတဲ့ query ကို ( "" ) လေးထည့်ပေးခြင်းပါ။ ဥပမာ - "green card" လို့ ရိုက်ထည့်ပြီး ရှာရင် သူက Immigration အချက်အလက်တွေ အကြောင်း ပြပေး မှာပါ။

5. NEAR
ဒီ Operator ကိုတော့ ရှာလိုတဲ့ keyword နှစ်ခုရဲ့ အကွာအဝေးနဲ့ ရှာတဲ့နေရာမှာ သုံးပါတယ်။ သုံးတဲ့နေရာမှာ NEAR နောက်ကပ်ရပ်မှာ / သင်္ကေတ ထည့်ပြီး သုံးရ ပါမယ်။ ဥပမာ - library NEAR/15 congress ဆိုရင် ရလဒ်က library နဲ့ congress ဆိုတဲ့ စာသား နှစ်ခု စကားစု ၁၅ စု အတွင်းမှာ ရှိနေတဲ့ စာမျက်နှာ တွေကို ပြပေးမှာပါ။ Library Of Congress ဒါမှမဟုတ် Congress funds special library research လိုမျိုး စကားစု ၁၅ လုံးအတွင်းမှာ ရှိတဲ့ စာမျက်နှာ တွေ ပြပေး မှာပါ။ အဲဒီ ဥပမာ ပြထားတဲ့ ၁၅ ဆိုတဲ့နေရာမှာ လိုချင်တဲ့ အကွာအဝေး ထည့်ပြီး ရှာနိုင်ပါတယ်။ သူ့ကိုလည်း အားလုံး စာလုံး အကြီးနဲ့ ရေးရပါမယ်။

6. Wildcards ( * )
Asterisk ( * ) လို့ခေါ်တဲ့ ကြယ်ပုံ သင်္ကေတလေးရဲ့ တခြား အမည်က wildcard character လို့ခေါ်ပါတယ်။ ဒီ Operator ကိုတော့ အဓိပါယ် ဆင်တူတဲ့ စာသားမျိုးတွေ ရှာရင် သုံးပါတယ်။ ဥပမာ - medic* ဆိုရင် result က medic, medics, medicine, medical, medication နဲ့ medicinal စတဲ့ medic နဲ့ဆင်တူတဲ့ စာသားပါတဲ့ စာမျက်နှာတွေ ရှာပေးမှပါ။

7. Field Searches
ဒီ Operator ကိုတော့ စာမျက်နှာရဲ့ title ဒါမှမဟုတ် URL မှာ ပါတဲ့ စာသားကို ရှာဖို့ သုံးပါတယ်။ ဥပမာ - T:Computer ဆိုရင် Web page ရဲ့ Title မှာ ဒါမှမဟုတ် URL မှာ Computer ဆိုတဲ့ စကားလုံးပါတဲ့ စာမျက်နှာ တွေကို ပြပေး မှာပါ။ ရှာချင်တဲ့ keyword ရှေ့မှာ T: ဆိုတဲ့ စာသား ရေးလိုက်ရုံ ပါပဲ။ ဒီလို T: နဲ့ Title အလိုက် ရှာတာအပြင် အခြား ကုဒ်တွေကို Code Search မှာ ကြည့်ရှုနိုင် ပါတယ်။

ဒီလိုဆိုရင်တော့ Search Engine တွေကို ကောင်းကောင်း အသုံးချလို့ ရလောက်ပြီလို့ ထင်ပါတယ်။ Search Engine တွေမှာ အထက်ကလို Operators တွေ အပြင် ရိုးရှင်းတဲ့ မေးခွန်းတွေကို သုံးပြီး ရှာလို့ရ ပါတယ်။ ဥပမာ - movie + review လို့မရှာပဲ Where can I find music reviews? လို့ ရိုက်ပြီး ရှာနိုင် ပါတယ်။ လူသိများတဲ့ Search Engine အချို့ကတော့ -

  • Google
  • Yahoo!!
  • msn
  • Ask
  • All The Web
  • Lycos
  • Gahoo Yoogle (Yahoo!!+ Google)
  • Dog Pile (Yahoo!! + Google + msn + Ask)
  • Baidu (Chinese Search Engine)

    ဒီ ပို့စ် အတွက်
  • www.course.com
  • www.google.com
  • www.wikipedia.org
  • ကိုညီလင်းဆက် ရဲ့ mp3 search code ပို့စ်
  • www.pcworld.com
  • တီချယ် ချယ်ရီ ရဲ့ ကျောင်းသင်ခန်းစာများ
    Computer Journal မှ What's next for Google? တို့ကို မှီငြမ်းပါသည်။


    Technorati tags:
    , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,


  • AddThis Social Bookmark Button

    မြန်မာနိုင်ငံတော် အလံ

    Image Hosting

    အခုလက်ရှိ အသုံးပြုနေတဲ့ မြန်မာ (ဗမာ) အလံကို ၁၉၇၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ စတင် အသုံးပြုခဲ့ ပါတယ်။ အလံ ပုံစံကတော့ အနီရောင် အောက်ခံ၊ လက်ဝဲဘက်ထောင့်မှာ အပြာရောင် လေးထောင့်ကွက် နောက်ခံပေါ်မှာ စက်မှုကို ဖော်ကြူးတဲ့ ပင်နီယံပုံ (ခွေးသွားစိတ်) နှင့် စိုက်ပျိုးရေးကို ဖော်ကြူးတဲ့ စပါးနှံပုံ တို့ကို အရွယ်တူ ကြယ်ဖြူ ၁၄ လုံးက ၀န်းရံထားခြင်းပါ။ အဓိပ္ပါယ်ကတော့ အနီရောင် က သတ္တိရှိမှု နှင့် ရဲရင့်မှုကို ဖော်ပြပါတယ်။ အပြာရောင် က ငြိမ်းချမ်းမှု နှင့် အဓွန့်ရှည် တည်တံမှုကို ဖော်ဆောင်ပါတယ်။ စက်မှုကို ဖော်ကြူးတဲ့ အစိတ် ၁၄ စိတ်ရှိတဲ့ ပင်နီယံပုံ (ခွေးသွားစိတ်ပုံ) နှင့် စိုက်ပျိုးရေးကို ဖော်ပြတဲ့ စပါးနှံပုံတို့ကို ၀န်းရံထားတဲ့ အရွယ်တူကြယ်ဖြူ ၁၄ လေးလုံးကတော့ တိုင်းနှင့် ပြည်နယ် ၁၄ ခု အတူတကွ ညီညွတ်စွာ နေထိုင်ပုံကို ဖော်ပြပါတယ်။

    လက်ရှိ အသုံးပြုနေတဲ့ အလံရဲ့ အခြေခံ ဒီဇိုင်းကတော့ ဗြိတိသျှ လက်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲတွေ ဆင်နွဲရာမှာ အသုံးပြုခဲ့တဲ့ အနီရောင် အောက်ခံပေါ် လက်ဝဲဘက်မှာ အပြာရောင် လေးထောင့်ကွက်နှင့် လေးထောင့်ကွက် အလယ်မှာ ကြယ်ဖြူကြီး တစ်လုံးကို အရွယ်တူ ကြယ်အသေး ၅ လုံးက ၀န်းရံထားတဲ့ အလံကို အခြေခံထားခြင်းဖြစ်ပါတယ်။ နောက်တော့ အဲဒီ ကြယ် တွေနေရာမှာ လက်ရှိအလံ ဖြစ်လာမယ့် စက်မှုကို ဖော်ကြူးတဲ့ ပင်နီယံပုံ နှင့် စပါးနှံပုံ တို့ကို ၁၉၇၄ မှာ အစားထိုး ပြင်ဆင်ခဲ့ပါတယ်။ ဒီ အလံ ရဲ့ ထူးခြားချက် ကတော့ မြန်မာနိုင်ငံ ကို အမည်နာမ သာနှစ်ခါပြောင်းခဲ့ပေမယ့် နိုင်ငံတော်အလံကို ယခုပုံအတိုင်း မပြောင်းလဲခဲ့ခြင်းပါ။

    Technorati tags:
    , , , , , ,

    AddThis Social Bookmark Button

    Happy Birthday

    Image Hosting

    ဒီနေ့ ကျွန်တော့် မွေးနေ့ပါ။ အသက်တော့ မပြောတော့ပါဘူး။ မင်းသမီးတွေ မင်းသားတွေလို လျှိုထားမယ်. =) အားလုံးကို အမ demo လက်ဆောင်ပေးတဲ့ မွေးနေ့ ကိတ်လေး စားဖို့ ဖိတ်ပါတယ်။ အ၀စားနော်။

    AddThis Social Bookmark Button

    Shutdown Shortcut လုပ်ရအောင်

    Image Hosting


    1. Desktop ပေါ်တွင် right-click လုပ်၍ ပေါ်လာသော Dropdown Menu မှ New ကို သွားလျှင် ဘေးမှ နောက်ထပ် ပေါ်လာသော Menu မှ Shortcut ကို ကလစ်လုပ်ပါ။

    2. ထိုအခါ ပေါ်လာသော Create Shortcut Wizard box (ပုံတွင် ကြည့်ပါ) ၏ ပေါ်လာသော text box တွင် shutdown -s -t 01 ဟူသော စာတမ်းကို ရိုက်၍ Next နှိပ်ပါ။

    3. နောက်ထပ် ပေါ်လာသော Window တွင် မိမိ ပေးလိုသော နံမည် (ဥပမာ- shortcut to shutdown) ရိုက်၍ Finish နှိပ်လိုက်လျှင် Desktop ပေါ်တွင် shutdown လုပ်ရန် shortcut တစ်ခု ရပါလိမ့်မည်။ ပြီးရင် ကိုယ်ကြိုက်တဲ့ icon ပုံလေး ချိန်းလိုက်ရင် ပိုမိုက်သွားတာပေါ့ဗျာ။

    Technorati tags:
    , , , , , , , , , ,

    AddThis Social Bookmark Button

    မိုးတွေ ရွာရင်

    ကျွန်တော် ဒီပိုစ့်လေး ရေးဖြစ်ရတဲ့ အကြောင်းက အမ ညလေး က ကျွန်တော် ဘုမသိဘမသိ ကို တက်ထားတယ် ဆိုပြီး ဆီဗုံးမှာ လာအော်သွား ပါတယ်။ ကျွန်တော်က လည်း တော်တဲ့နေရာ နှစ်ယောက် မရှိဘူး။ တက်တယ်ဆိုတာ WWE Smack Down ထဲက tag game ကို ပဲပြေးမြင်မိတယ်။ ဟ ဘာဆိုလိုတာလဲ မသိဘူး။ နပန်းသတ်ဖို့ လက်ပုတ် ခေါ်တာတော့ မဖြစ်နိုင်လောက် ပါဘူးလို့။ ဒါနဲ့ ပဲ တခြား ဘလော့ခ်တွေ လိုက်ဖတ်ရတော့တယ်။ ဘလော့ခ် တော်တော် များများ ဖတ်ပြီးတော့မှ ရေးတေးတေး သဘောပေါက်မိတယ်။ (ခုထက်ထိ ရေးတေးတေး ပဲ သဘောပေါက်တယ်)။ ဒါနဲ့ပဲ ကျွန်တော့်ရဲ့ မိုးရေထဲက အမှတ်တရလေးတွေ ရေးမိပါတယ်။


    တကယ်တော့ မိုး အကြောင်းပိုစ့်လေးရေးမယ်ဆိုပြီး စိတ်ကူးထားတာ တော့ရှိပါတယ်။ မအားတာနဲ့ မရေးဖြစ်သေးတာ။ အခုတော့ အမ ညလေး တက်လိုက်လို့ရေး ဖြစ်ပါတယ်။ မိုးနတ်မင်းက တကယ်တော့ ကျွန်တော့်ကို ကြည်ပုံမရဘူးဗျ။ ကျွန်တော်နေ့တိုင်း ကျောင်းသွားရင် ထီး အမြဲယူတယ်။ ကျွန်တော် ထီး ပါတဲ့နေ့ဆို သူက နေပူတယ်။ ထီး လေးတစ်ရက်လောက် မေ့ခဲ့ရင် အဲဒီနေ့ ကြွက်စုတ်ဖြစ်အောင်ကို ရွာတာပဲ။ ကြည့်လေ ပြီးခဲ့တဲ့ အပတ် တင်္နလာ နေ့က ကျွန်တော် မနက်ကျောင်းသွားဖို့ လုပ်တော့ နေ ကိုတောင်ကြည့်လိုက်သေးတယ်။ နေသာလို့ ဒါနဲ့ ဒီနေ့တော့ ထီး မယူတော့ပါဘူးလေ ဆိုပြီး ကျောင်းသွားလိုက်တာ ကျောင်း အပြန် သဲကြီးမဲကြီး ရွာပါလေရော။ ဖြစ်ချင်တော့ အဲဒီနေ့က သွားစရာ ကလည်း ရှိနေသေးတယ်။ သယ်ရင်း သိုးမလေး ကို ကူရှာခိုင်းထားတဲ့ ဂစ်တာ စာအုပ်ရပြီ ဆိုလို့ လောကနတ် ခန်းမမှာ သွားယူရမှာ။ ဒါနဲ့ ကျောင်းက ထီး ပါတဲ့ ဘော်ဒါကို ပန်းဆိုးတန်းက ခန်းမကို လိုက်ခဲ့ပေးဖို့ အဖော် ခေါ်ရတယ်။ သူလိုက်တော့ စာအုပ် သွားယူ ပြီး အပြန်သူက သူ့အိမ် ဘက်ရောက်တဲ့ လိုင်းကားစီးပြန်သွားရော။ ကျွန်တော်က ကျွန်တော် အိမ်ဘက်ရောက်မယ့် လိုင်းကား စောင့်နေခဲ့တာ။ နောက် မိုး က ကျွန်တော့်ကိုတွေ့သွားတယ် ထင်တယ်။ လူကို ကြွက်စုတ် ပုံဖြစ်အောင် ရွာပါလေရော။ ရှိသမျှ စာအုပ်တွေလည်း ရစရာမရှိအောင်စို ရှိစုမဲ့စု calculator လေးလဲ မိုးမိပြီး သုံးမရ ဖြစ်သွားတယ်ဗျာ။ တော်သေးတယ် တစ်ခုထဲသော mp3 ပလေယာလေးကို သေသေချာချာ အိပ်ထဲ ထည့်ထားလို့ သူကတော့ ဘာမှမဖြစ်သွားဘူး။

    မိုးတွေရွာတော့ ကျွန်တော် ငယ်ငယ်က အချိန်တွေကို ပြန်သတိရမိတယ်။ ကျွန်တော် ငယ်ငယ်က မန္တလေးတိုင်းက ကျောက်ဆည် ဆိုတဲ့ မြို့လေးမှာ နေကြတာ။ အဲဒီတုန်းက မိုးရွာပြီဆိုရင် စာအုပ်ထဲက အလယ်စာရွက်ဖြတ်ပြီး စက္ကူလှေ ကလေးခေါက်ပြီး ရေထဲမှာ မြောပြီး ဆော့တာ။ နောက် မှတ်မှတ်ရရ မိုးသီးဆိုတာကို နှစ်တန်းနှစ်လောက် မှာ ကျွန်တော်တို့ မြို့လေးမှာ ကျတယ်။ ကျွန်တော်တို့ မြို့လေးက အလယ်ပိုင်းတိုင်းမှာ ဆိုတော့ မိုးက ရွာခဲတယ် ခင်ဗျ။ ရွာပြီဆိုရင်တော့ တစ်နေ့လုံးကို ၀ုန်းဒိုင်းကျဲအောင်ရွာတာ ပြီးတော့ မိုးသီး တွေလည်းကျတတ်တယ်။ အဲဒီတုန်းက တကယ်ကို ပျော်တာ အိမ်အပြင်ထွက်ပြီး အဲဒီ အလုံးလေးတွေ ကောက်ပြီး ၀ါးတာပဲ။ အလုံးလေးတွေက ဖန်ဂေါ်လီလုံးလောက် ရှိတာ လေးတွေဗျ။ အသီးလေး တွေက အေးစက်နေတာပဲ။ အဲဒီ တခါပဲ မိုးသီးနဲ့ ကြုံဖူးတယ် နောက်တော့ ရန်ကုန်ကို ပြောင်းတယ် ရန်ကုန်မှာက မိုးသာ ခဏတိုင်းရွာတာ မိုးသီးတော့ တခါမှ ကျတာ မကြုံရသေးဖူး ခင်ဗျ။ အဲဒီတုန်းက သက်တံ တွေဆိုတာ ကြည့်လို့ကိုမ၀ဘူး။ ရန်ကုန် ရောက်တော့ တိုက် တွေကြားထဲမှာ သက်တံ မြင်ရဖို့ ခဲယဉ်းသွားပြီ။

    နောက် အမှတ်တရလေးတွေက ဟိုအရင်က မိုးရေတွေထဲမှာပဲပေါ့ ကျွန်တော့်ရဲ့ ကောင်မလေးနဲ့ မိုးရေတွေထဲမှာ ကျောင်းထဲက လမ်းကလေးမှာ လမ်းလျှောက် ခဲ့ဖူးတယ်။ အဲဒီတုန်းက မိုးတွေကလည်း ကြမ်းလို့ နေ့လယ်လောက် အချိန်က ညနေလို ညလိုကို မှောင်နေတာ။ အဟား ကျွန်တော်က မိုးရွာရင် စိတ်က အလိုလိုပျော်လာတာ။ အဲဒီတုန်းက မိုးတင်မဟုတ်ဖူး လေပါတိုက်တော့ ထီးပါပေမယ့် တကိုယ်လုံးရွဲတာပဲ။ အဲဒီတုန်းက သူက ချမ်းပြီးတုန်နေလို့ ကျွန်တော် ဖက်ထားတော့ လမ်းမှာတွေ့တဲ့ ကျောင်းသူ တစ်အုပ်ကတောင် "ဝေးဝေးသွားလို့ မရအောင် အချစ်ရယ်ဖက်ထားချင်တယ်" ဆိုပြီး စိုးသူ သီချင်းလေးနဲ့ ကျွန်တော်တို့ကို နောက်သွားသေးတယ်။ နောက် ကျွန်တော်တို့ ဘွဲ့နှင်းသဘင် ရှေ့ကလှေကားမှာ မိုးတိတ်အောင် ထိုင်စောင့်ရင်း ညိုမှိုင်းနေတဲ့ တိမ်တွေကို အတူတူထိုင် ကြည့်ခဲ့ ကြတယ်။ အပြန် ဖယ်ရီပေါ်ရောက်တော့ ကျွန်တော့်မှာပါတဲ့ လက်ကိုင်ပ၀ါလေးနဲ့ သူ့ရဲ့ ဆံပင်လေးတွေက ရေတွေ သုတ်ပေးခဲ့သေးတယ်။ အဲဒါလေးတွေကလည်း ကြာတော့ကြာခဲ့ပေမဲ့ မနေ့တနေ့ ကလိုပါပဲ။ နောက်တော့ သူက လမ်းခွဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်းလေ တခါတလေတော့လည်း သိပ်ချစ်တာ သူအသိပါကွယ် ဆိုတဲ့ သီချင်းလေး ကြားရင်၊ တခါတလေ မိုးတွေ ညိုမှိုင်းနေခဲ့ရင် ကျွန်တော့် စိတ်တွေက အတိတ်ကို ပြန်ပြန်ရောက်သွား တတ်ပါတယ်။

    မိုးတွေရွာရင် အခုထက်ထိကို ကျွန်တော် စိတ်ထဲက ပျော်ပါတယ်။ မိုးရွာရင်လည်း ကျွန်တော် ထီးပါခဲ့လည်း မိုးဖွဲဖွဲလေး ဆိုရင် ကျွန်တော် ထီး မဆောင်းပါဘူး။ မိုးဖွဲဖွဲလေးထဲမှာ ထီးမဆောင်းပဲ လျှောက်သွားရတဲ့ အရသာကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ ထီး မဆောင်းလို့ ဖျားတာကလည်း ခဏတိုင်းပါပဲ။ ဖျားလည်း နောက် မိုးရွာရင် မိုးရေထဲ လမ်းလျှောက်တာပါပဲ။ နောက် အိမ်ပြန်ရောက်ရင် ရေချိုးပြီးတာနဲ့ ကော်ဖီ ပူပူလေးနှပ်သောက် ပြီး စောင်ထဲခြုံကွေးတဲ့ ရတဲ့ အရသာကို အရမ်းကြိုက်ပါတယ်။ အိမ်မှာနေတုန်း မိုးရွာရင်တော့ ပြတင်းပေါက်ကို ဖွင့်ပြီး လမ်းပေါ်က လူတွေကို ထိုင်ကြည့်ပါတယ်။ တချို့သူဌေးတွေ က golf ထီးကြီးတွေ ဆောင်းလို့ လမ်းလျှောက်နေတာ၊ ဆင်းရဲတဲ့သူ တွေက ထီးမပါဘဲ မိုးရေထဲ လမ်းလျှောက် နေကြတာတွေ၊ ဆိုက်ကားသမားတွေ မိုးကာကုတ် အရှည်ကြီးတွေနဲ့ ဆိုက်ကား အမြန်နင်း သွားကြတာတွေကို ပြတင်းပေါက်ကလေး ကနေ ထိုင်ငေး ရတာကလည်း အရသာတစ်မျိုးပါ။ မိုးတွေရွာတိုင်း ကျွန်တော်ရဲ့ စိတ်တွေက ပေါ့ပါးသွားသလို ခံစားရပါတယ်။ နောက် မိုးရွာလိုက်ရင် ထွက်လာတဲ့ မြေသင်းနံကလေး ကလည်း စိတ်ကို တမျိုးလန်းဆန်း စေပါတယ်။ နောက် စိမ်းနေတဲ့ သစ်ပင်တွေ၊ မြက်ခင်းတွေကလည်း အမြင်အာရုံ ကြည်လင်လာသလို ခံစားရပါတယ်။ မိုးတွေရွာတိုင်း ကျွန်တော်အရမ်းပျော်ပါတယ်။ နောက် ပျော်စရာ အတိတ်တွေကို ပြန်လွမ်းမိတယ်။ နောက် မိုး ရွာလိုက်တိုင်း ဒိုင်ယာရီ စာအုပ် အဟောင်းလေး ကို ပြန်ဖတ်ရသလို စိတ်မှာ ပျော်ရွင်မိပါတယ်။ ။


    AddThis Social Bookmark Button

    Hackers များသည် ကုမ္ပဏီများကိုသာ ပစ်မှတ်ထားသည် ?

    Hollywood မှ ထုတ်လုပ်သည့် ရုပ်ရှင်များကို ကြည့်သည့် အခါ Hackers များသည် ဒေါ်လာ သန်းချီ၍ ရနိုင်သည့် ကိစ္စများကိုသာ ကြိုးစား အားထုတ် ကြကြောင်း မြင်တွေ့ကြပါလိမ့်မည်။ သို့ရာတွင် တကယ်တမ်း လက်တွေ့ လောကတွင်မှု Hackers များသည် အများသူငါတို့၏ credit card details များကို လိုက်ရှာကာ ငွေ အနည်းငယ် ကိုပင် ခိုးယူခြင်း၊ ကွန်ပျူတာ အသုံးပြုသူများအား spam များဖြင့် အနှောင့်အယှက် ပြုတတ်ကြသည်။ ထိုသို့သော အန္တရာယ်များမှ ကင်းဝေးစေရန် မိမိကွန်ပျူတာတွင် firewall တစ်ခုတော့ ရှိနေရန် လိုအပ်သည်။

    Technorati tags:
    , , , ,

    AddThis Social Bookmark Button

    လျှပ်စီးလက်မိုးခြိမ်းသည့် အခါမျိုးတွင်မတော်တဆ ကွန်ပျူတာပျက်ဆီးသွားနိုင်ပါသလား ?

    လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ မိုးကြိုးပစ်သံများ ကြားနေရပါက မိမိ ကွန်ပျူတာကို ပိတ်ထား သင့်သည်။ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ရှိနေချိန်တွင် နေအိမ်များတွင် တပ်ဆင် ထားသည့် လျှပ်စစ်လိုင်းများမှ ဖြစ်စေ၊ တယ်လီဖုန်းလိုင်းများမှ ဖြစ်စေ အချိန်မရွေး စီးဆင်းဝင်ရောက် လာနိုင်သည်ဟု Tornado and Storm Research Orgainzation မှ ထုတ်ပြန်ပြောဆိုမှု ရှိခဲ့သည်။ အကယ်၍ မိမိ ဓာတ်ကြိုး လိုင်းများ၊ တယ်လီဖုန်း လိုင်းများ ထဲသို့ တိုက်ရိုက် စီးဝင်လာပါက အနည်းဆုံးတော့ modem တော့ လောင်ကျွမ်း သွားမည်သာ ဖြစ်သည်။


    မိုးကြိုးပစ် လျှပ်စီး လက်သော အခါမှ ကြိုးများ ဖြုတ်ရန် ကြိုးစားလျှင် အန္တရာယ် ရှိနိုင်သည်။ လျှပ်စီးလက်ပြီး နောက် ငါးစက္ကန့် အကြာတွင်မှ အသံကြားရလျှင် လျှပ်စီး လက်သော မိုးသက် မုန်တိုင်းသည် တစ်မိုင် အကွာတွင် ရှိနေသည်ဟု ခန့်မှန်း ယူနိုင်ကြောင်း TORRO မှ အကြံပြုထားသည်။ အကယ်၍ စက္ကန့်သုံးဆယ် အကြာတွင်မှ ကြားရသော နေရာတွင် ရှိနေလျှင် ၆ မိုင်ခန့် ဝေးသောကြောင့် အန္တရာယ်ကင်းသည် ဟုဆိုပါသည်။ အကယ်၍ ထိုသို့ ရုတ်ရုတ်သဲသဲ ဖြုတ်တပ် နေရသည့် ဒုက္ခမှ ကင်းဝေးလိုပါက Surge Protector တစ်ခု ၀ယ် တပ်ထား သင့်ပါသည်။

    ဒီပိုစ့် အတွက် Computer Journal မှ မှီငြမ်းပါသည်။

    Technorati tags:
    , , , , , ,

    AddThis Social Bookmark Button

    အင်တာနက်တစ်ခုလုံး ကို ဘယ်လို ဒေါင်းလုဒ် လုပ်မလဲ ?

    အင်တာနက်ကြီး တစ်ခုလုံးကို ဒီလိုဒေါင်းလုဒ်လုပ်ပါ။ =)


    Image Hosting

    AddThis Social Bookmark Button

    မျက်စိ လျှင်သလား စမ်းသပ်ရအောင်

    ဒီအောက်က တင်ထားတဲ့ အိမ် ပုံလေးက ၀င်ပေါက်မှာ ကောင်မလေးတစ်ယောက်ထိုင်နေတယ်။ သေသေချာချာ ကြည့်မှ မြင်ရမှာနော်။ ကြည့်ကြည့်ပါ မျက်လုံး ကောင်းမကောင်း စမ်းကြည့်တာပေါ့။


    Image Hosting at ImageHosting.com

    ဒီပုံလေးကို သူငယ်ချင်း GJewel က မေးလ် ထဲကနေ ပို့ပေးပါတယ်။

    AddThis Social Bookmark Button

    Megapixels များတိုင်း ကင်မရာ ကောင်းသလား ?

    ကင်မရာ ရောင်းချသူများသည် ၄င်း၏ ဒစ်ဂျစ်တယ် ကင်မရာတွင် megapixels မည်မျှ အရည်အသွေး ရှိကြောင်း ညွှန်းဖွဲ့ ကြေငြာတတ်ကြသည်။ သို့ရာတွင် ထိုညွှန်းဆိုချက်ဖြင့် ကင်မရာ၏ အရေအသွေးကို ဆုံးဖြတ်ယူရသည် မဟုတ်ပေ။ ထို Mega-pixels သည် resolution ကို ဖော်ညွှန်းခြင်း သာဖြစ်သည်။ ဆိုလိုသည်မှာ megapixels ပိုရလျှင် ပုံရိပ် ကို အသေးစိပ် ဖမ်းယူနိုင်သည်ဟုသာ မှတ်ယူရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ megapixels ပိုများပါက နှစ်သက်စရာ အချက်တစ်ချက် ဖြစ်ကြောင်းကိုမူ လက်ခံ ရပေလိမ့်မည်။


    အခြေခံ သဘောအရ ကင်မရာ၏ sensors များသည် မည်သည့် အခြေအနေအထိ image တစ်ခုကို ဖမ်းပေးနိုင်သည် ဟု ညွန်ပြခြင်းသာ ဖြစ်သည်။ ကင်မရာ၏ ကောင်းခြင်းကို ဆုံးဖြတ်ရန် အခြား အကြောင်း အချက်များစွာ လိုနေပါသေးသည်။ မှန်ဘီလူး အရေအသွေး၊ built-in software အရည်အသွေးနှင့် ကင်မရာ၏ output ဖြစ်သည့် image file များကို မည်သို့ မည်ပုံ ထုတ်ပေးနိုင်စွမ်းရှိသည်များ အပါအ၀င် အခြားအကြောင်း အချက်များစွာတို့ အပေါ် ခြုံငုံပြီးမှသာ ကင်မရာ ကောင်း မကောင်း သိနိုင်ပါသည်။ တနည်းအားဖြင့် ပုံထွက် အရည်အသွေးကောင်း ဖြစ်လာရန် အကြောင်း အချက်များတွင် Resolution (Megapixels) သည် အကြောင်းတစ်ခု အနေနှင့်သာ လက်ခံရမည့် သဘော ဖြစ်သည်။ ဒစ်ဂျစ်တယ် ကင်မရာ၏ output ပိုမိုကောင်းမွန်စေရန် dynamic range အနေအထား optical sharpness နှင့် color အင်အားတို့သည် pixels ပမာဏ အားထက် ပိုမိုအရေးကြီးပါသည်။

    ဒီဂျစ်တယ် ကင်မရာကို အသုံးပြုရာတွင် ရှောင်ရန်အချက် အနေနှင့် သိထားသင့်သည်မှာ စူးရှသော အလင်းရောင်များ ကင်မရာ sensor နှင့် ထိတွေ့ခြင်းမှ ရှောင်ခြင်းဖြစ်သည်။ နေ ကို လူ့မျက်စိဖြင့် တိုက်ရိုက်ကြည့် ၍ မရနိုင်ပေ။ ထို့အတူ ဒစ်ဂျစ်တယ် ကင်မရာ ကိုသုံး၍ နေ ကို ဓာတ်ပုံ ရိုက်ယူ၍ မရနိုင်ပါ။ Cannon မှ ပြောရေးဆိုခွင့်ရသူ အဆိုအရ ကင်မရာ၏ မျက်လုံး ဟု သတ်မှတ်နိုင်သော image sensor ကို စူးရှသော အလင်းရောင်မှ ဖျက်ဆီး စေနိုင်သည်ဟု သိရှိရသည်။ နေ ကို ဓာတ်ပုံ ရိုက်ယူလိုလျှင် ယေဘုယျ အားဖြင့် တိုက်ရိုက် တည့်တည့် မဟုတ်သော ရိုက်ချက်ဖြင့် ရိုက်ခြင်း သို့မဟုတ် special filters များ အသုံးချ ခြင်းဖြင့်သာ ရိုက်ကူး နိုင်သည်ဟု ဆိုသည်။ ထိုသို့မဟုတ်က အလွန် အန္တရာယ်များသော အလုပ်ကို စွန့်စား လုပ်ယူသည်နှင့် တူစေသည်။ ဒစ်ဂျစ်တယ် ကင်မရာအကြောင်း အသေးစိတ် လေ့လာလိုပါက www.dpreview.com , www.digitalcameras.com နှင့် www.tinyurl.com တို့တွင် ၀င်ရောက်ကြည့် ရှုနိုင်ပါသည်။

    Image Hosting

    Technorati tags:
    , , , ,

    AddThis Social Bookmark Button

    ကွန်ပျူတာမှာ Register Owner Name ဘယ်လို ပြောင်းမလဲ

    ကျွန်တော်တို့ ကွန်ပျူတာ ၀ယ်တဲ့ အခါမှာ တခါတလေ ဆိုင်က OS တင်ပေး လိုက်ရင် Register Owner Name ကို ကြုံရာ ကျပန်း ရိုက်ထည့်ကြပါတယ်။ များသော အားဖြင့် ကိုယ့်ဆိုင် နာမည် ရိုက်ကြတယ်။ အဲဒီ နဂို ပါလာတဲ့ Register Owner Name ကို ပြင်ချင်ရင် ဒီလိုပြင်လို့ ရပါတယ်။


    Adminstrator အဖြစ်နဲ့ Log On ဖွင့်လိုက်ပါ။ Run ကနေ regedit ကို ဖွင့်ပါ။ ပြီးရင် HKEY_LOCAL_MA-CHINE\SOFTWARE\Microsoft\WindowsNT\Current Version အထိ ရောက်အောင် ဖွင့်ပါ။ အဲဒီ အဆင့် ရောက်ရင် ညာဘက် pane လို့ ခေါ်တဲ့ ဘောင်ထဲမှာ RegisteredOwner ဆိုတဲ့ စာသားကို ရှာပြီး ကလစ် နှိပ်လိုက်ရင် မိမိ အမည်ထည့်လို့ ရမယ့် ၀င်းဒိုး တစ်ခု ပေါ်လာပါမယ်။ အဲဒီမှာ အမည် ရိုက်ထည့်ရုံပါပဲ။

    ကျွန်တော် အရင် ဒီနည်းကို မသိခင်က ကျွန်တော့် စက်မှာ ဆိုင်က တင်ပေးလိုက်တဲ့ OS မှာ Register Owner Name က သူတို့ဆိုင် နာမည် ထည့်ပေးလိုက် ပါတယ်။ ကျွန်တော် အဲဒါပြင်ချင်တာနဲ့ admin ကနေ ကိုယ့်နာမည်နဲ့ admin account တစ်ခု ထပ်ဆောက်ပြီး နဂို OS တင်တုန်းက ပါလာတဲ့ account ကိုဖျက်လိုက်ပါတယ်။ အစကတော့ အဆင်ပြေ သလိုလိုနဲ့ နောက်တော့ regedit ခေါ် ကြည့်တော့ admin မဟုတ်လို့ ခေါ်လို့မရပါတဲ့ error လာလာပြပါတယ်။ ကျွန်တော် account က admin လုပ်ထားတာပါ ဘယ်လို ဖြစ်ပါလိမ့်လို့ စဉ်းစားမရ ဖြစ်ခဲ့ပါတယ်။ နောက်တော့ မှ နဂို OS တင်တုန်းက admin နဲ့ နောက်မှ တင်တဲ့ admin power မတူမှန်းသိရ ပါတယ်။ အခုပြင်ချင်ရင် အပေါ်က ရေးထားတဲ့ အတိုင်း Register Owner Name ကို ပြင်လို့ ရပါတယ်။

    Image Hosting at ImageHosting.com

    Technorati tags:
    , , , , , , ,

    AddThis Social Bookmark Button

    ချို့ယွင်းနေတဲ့ PC ပြန်ကောင်းအောင်

    သင့် PC ဟာ ဘာမှန်း မသိအောင် ဖြစ်နေပြီး ဘယ်လို နည်းနဲ့မှ စမ်းကြည့်လို့ အဆင်မပြေရင် သင့်ရဲ့ thumb drive ကို recovery drive အနေနဲ့ အသုံးချနိုင် ပါတယ်။

    Recovery Drive အနေနဲ့ လုပ်ဆောင် ပေးနိုင်တဲ့ အချက်ကလည်း thumb drive တွေရဲ့ အသုံးအ၀င်ဆုံး လုပ်ဆောင်ချက် တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ PC ဟာ USB Drive ကနေ Boot လုပ်နိုင်တဲ့ PC ဖြစ်ခဲ့ရင် system start မလုပ် တော့တဲ့ အဲဒီ PC ကိုပြင်နိုင် ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ဟာ အရင်တုန်းက Windows မှာ Floppy Disk တွေကို format လုပ်တာနဲ့ ဆင်တူ ပါတယ်။


    အဲဒီလို လုပ်ဆောင်ဖို့ အချက် နှစ်ချက် လိုပါတယ်။ တစ်ခုက Master Boot Record (MBR) ကို ဖန်တီးဖို့နဲ့ floppy ဒါမှမဟုတ် စီဒီ ကနေ boot လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CD နဲ့ Floppy ကနေ Boot လုပ်ဖို့ အွန်လိုင်း ကနေ ရယူနိုင်ပါတယ်။ အဲဒီ ထဲမှာ MBR Creators (try MKBT ၊ find.pcworld.com ) နဲ့ bootable drive image ထဲက ရွေးနိုင်ပါတယ်။ အဲဒီလိုပဲ PC ရဲ့ BIOS ကနေ USB Drive ကို အရင်ဆုံး boot လုပ်ဖို့ ရွေးရပါမယ်။ Bootable thumb drive လုပ်ဆောင်ပုံ အဆင့်ဆင့်ကို find.pcworld.com/50610 မှာ အသေးစိတ် လေ့လာနိုင် ပါတယ်။

    သင့်ရဲ့ drive ဟာ bootable drive အနေနဲ့ ဆောင်ရွက် ပြီးပြီ ဆိုရင် အဲဒီ drive ကနေ boot လုပ်ပြီး သာမန် system error တွေနဲ့ Hardware ဆိုင်ရာ ပြသနာ တွေကို ဖြေရှင်းနိုင် ပါတယ်။ အခမဲ့ အမြည်းသဘော စမ်းသပ်နိုင်တဲ့ ပရိုဂရမ် တွေမှာလည်း အလားတူ လုပ်ဆောင်မှုမျိုးကို လုပ်ဆောင် ပေးနိုင် ကြပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ disk နဲ့ RAM စမ်းသပ်ပေးနိုင်တဲ့ application တွေ ဥပမာ - Memtest 86 ၊ Registry တွေ ပြုပြင် ဆောင်ရွက် ပေးတဲ့ Registry Mechanic နဲ့ back up နဲ့ recovery ပရိုဂရမ် တွေထဲက Drive Image XML၊ Partition တွေကို စီမံတဲ့ tools တွေထဲက Disk Director ၊ ဖိုင်တွေကို delete လုပ်မရအောင် ကာကွယ်ပေးမဲ့ Undelete စတဲ့ ဆော့ဝဲ တွေဟာ PC ရဲ့ အဆိုးဝါးဆုံး အခြေအနေတွေကို ကျော်ဖြတ် သွားနိုင် စေပါတယ်။ သင့် အနေနဲ့ ရွေးချယ် စရာတွေ အများကြီး ရှိနေပြီး 46 Best-ever Freeware Utilities pageUltimate Boot CD တို့မှာ ရှာဖွေ ကြည့်နိုင် ပါတယ်။

    U3 USB drive သုံးစွဲသူတွေ အတွက် McAfee Virus Scan နဲ့ Avast scanner တွေကို download လုပ် ရယူနိုင် ပါတယ်။

    ဒီပို့စ်ကို www.pcworld.com မှ ကောက်နှတ် ထားခြင်းပါ။

    Technorati tags:
    , , ,


    AddThis Social Bookmark Button

    ကျွန်တော်နှင့် တိုက်ဆိုင်မှုများ

    ဟိုတစ်နေ့ ကပေါ့ ကျွန်တော် ကျောင်းက အပြန်မှာ တိုက်ဆိုင်တာလေး တစ်ခု ကြုံခဲ့ ရတယ်။ အဲဒီနေ့က မိုးတွေ အုံ့နေတယ်။ အပြန်မှာ ကျောင်းတွေရဲ့ ထုံးစံ အတိုင်း ကျောင်းသား အင်အားများပြီး လာတဲ့ လိုင်းကား အရေအတွက်က နည်းနေခဲ့တယ်။ ဒါနဲ့ ထုံးစံ အတိုင်း၁ နာရီလောက် နေမှ ပြန်စရာ ကား ရတယ်။ ထုံးစံ အတိုင်း နေရာ မရခဲ့ဘူး။ ၂ နာရီလောက် မတ်တပ်ရပ် ပြန်ရုံပဲပေါ့။ ကားပေါ်ရောက်တော့ ကားခ ပိုက်ဆံ ပေးပြီး အေးအေး ဆေးဆေး mp3 နားထောင် နေလိုက်တယ် ခင်ဗျ။


    တော်တော်ကြာမှ ဘေးနား တစ်ဝိုက်ကို ကြည့်လိုက်တော့။ အရှေ့နားက ခုံက ကောင်မလေး တစ်ယောက်လည်း ကျွန်တော်လို mp3 နားထောင်နေတယ်။ သူ တပ်ထားတဲ့ နားကြပ်က ကျွန်တော့် နားကြပ်နဲ့ ပုံစံတူ တံဆိပ်တူပဲ ခင်ဗျ။ သြော် တစ်ခါတစ်လေလည်း တူတာတော့ ဒီမှာ ၀ယ်တာပဲ တူချင် တူမှာပေါ့လေ လို့တွေးမိတယ်။ နောက် သီချင်း ဆက် နားထောင် နေလိုက်တယ်။ ခဏလောက်နေတော့ အမှတ်တစ်မဲ့နဲ့ အဲဒီကောင်မလေး ကိုင်ထားတဲ့ လက်တွေ့ခန်း စာအုပ်ကို ကြည့်မိတော့ သူ့ခုံနံပါတ်က ကျွန်တော့် ခုံနံပါတ်နဲ့ အတူတူပဲခင်ဗျ။ နောက် ဆက်ကြည့်တော့ နှစ် လည်း တူနေတယ်။ ဒါနဲ့ မေဂျာ ပါတူဦးမလား ဆိုပြီး ဆက်ကြည့်လိုက် တော့ မေဂျာတော့ ကွဲတယ်။ ဟီး မေ့သွားတယ် မေဂျာ ပါတူလို့မှ မရတာ။ ဒါနဲ့ပဲ အိမ် ပြန်ခဲ့တယ် ခင်ဗျ။

    နောက် တစ်ခု မှတ်မှတ်ရရ တိုက်ဆိုင်တာလေး တစ်ခု ရှိပါသေးတယ်။ အရင်က ယုဇနပလာဇာ တတိယ ထပ်မှာ ezy က ဆိုင်ခန်း အကျယ်ကြီး ငှားပြီး စီဒီ သီချင်း ခွေတွေ၊ ဗီစီဒီ သီချင်း ခွေတွေ ရောင်းသေးတယ် ခင်ဗျ (အခုတော့ အဲဒီ ဆိုင် မရှိတော့ဘူး ထင်တယ်)။ အဲဒီမှာ ကျွန်တော် လိုချင်တဲ့ အခွေတစ်ခွေ သွားရှာတာခင်ဗျ။ လိုချင်တဲ့ အခွေက Good Charlotte ရဲ့ Young & The Hopeless အခွေပါ။ ဒါနဲ့ ဆိုင်ထဲမှာ ဟိုရှာ၊ ဒီရှာ နဲ့ ဆိုင်ထဲမှာ လျှောက်ရှာနေတုန်း အရောင်းစာရေးမလေး ဘေးနား ရောက်လာပြီး Good Charlotte ခွေ ရှာနေတာလား လို့မေးပါတယ်။ ကျွန်တော်က လည်း ကျွန်တော့် အာရုံနဲ့ ကျွန်တော် အလုပ်များနေတော့ ရုတ်တရက် စာရေးမလေးမေး တာကို ကျွန်တော် လန့်သွားတယ်။ လန့်တာမှ တုန်ကိုသွားတာ။ အား အရောင်းစာရေးမက ငါ့စိတ်ကို သိနေပါလား ဆိုပြီး လန့်သွားတာ။ အမှန်တော့ တိုက်ဆိုင်တာ ဖြစ်မှာပါ။ ပြောလို့ လည်း မရပါဘူး။ အဲဒီ စာရေးမက ၀မ်းတွင်းပါ အကြားအမြင် တွေရထားတာလည်း ဖြစ်နိုင်တယ်။ အဲဒါလေး ကလည်း မှတ်မှတ်ရရ တိုက်ဆိုင်မှုတစ်ခုပါ။ ။

    Technorati tags:
    , ,

    AddThis Social Bookmark Button

    Me Playing Arch Enemy-Nemesis (solo)

    ဘာရယ် မဟုတ်ပါဘူး ပျင်းလို့ သီချင်းတစ်ပုဒ် solo အပုဒ် လေးတီးထားတာ တင်လိုက်တယ်။ ဘာလို့ solo အပုဒ်ပဲ တီးတာလဲလို့ မမေးနဲ့နော်။ တစ်ပုဒ်လုံး မတီးတတ်လို့ ခင်ဗျ။ ပြီးတော့ ဂစ်တာ က မူရင်း သီချင်းလို အက်ဖတ် အသံတွေ ပါမှာ မဟုတ်ဘူး။ အက်ဖတ်က ၅ သိန်း လောက်ရှိမယ် မ၀ယ်နိုင်ဘူး ခင်ဗျ။ ဂစ်တာ တောင် မနည်းဝယ် ထားရတာ။ ဂစ်တာတီးတာ လာကြွားတယ်လို့ လဲ မထင်ပါနဲ့ဦး တီးထားတာ နားထောင်ကြည့် ရင် ကြွားသင့်တဲ့ လက် ဟုတ်မဟုတ် သဘောပေါက်မှာပါ။ အိမ်မှာတော့ ကျွန်တော် ဂစ်တာ တဒေါင်ဒေါင် တဒင်ဒင် လုပ်ရင် အားလုံးက တော်ပါတော့ ဆိုပြီး ၀ိုင်း အားပေးကြတာပဲ ဟီး။ Arch Enemy ရဲ့ Nemesis သီချင်း solo ကို ဖျက်ဆီး အဲ တီးထားတာပါ။ သောတရှင် အပေါင်း နားဒုက္ခ ခံစားကြပါကုန်။



    မူရင်း သီချင်းက ဒီမှာပါ။



    Technorati tags:
    , , , , ,

    AddThis Social Bookmark Button

    နေရာ

    နာရီပိုင်းမျှ၊ စီးခွင့်ရမည့်
    ခဏတာမှာ၊ စိတ်ချမ်းသာရန်
    နေရာတစ်ခု၊ ရလိုမှုတွက်
    ရှေးရှုတွေးမျှော်၊ လိုင်းကားပေါ်သို့
    ခုန်ကျော်လုယက်၊ တိုးဝှေ့တက်၏။

    အို...မိတ်ဆွေကြီး
    ခရီးတိုတို၊ အေးချမ်းလိုကာ
    စိတ်-ကိုယ်နှစ်ပါး၊ အလေးထားသို့
    ရှည်လျားဝေးကွာ၊ သံသရာ၏
    ဟိုမှာဘက်ကမ်း၊ မျှော်ရည်မှန်း၍
    လျှောက်လှမ်းခိုဝင်၊ ခရီးစဉ်၌
    ဖြူစင်သန့်ရှင်း၊ ဘေးရန်ကင်းပြီး
    ကောင်းခြင်းစုံစွာ၊ အေးရိပ်ဖြာသည့်
    နေရာရှာရေး၊ ဦးစားပေးဖို့
    အတွေးတစ်မျှင်၊ စိတ်ဘ၀င်၌
    ဆင်ခြင်ကြည့်ဖူးပါသလား။
    ထွန်းအောင်မိုး

    ဒီ ကဗျာလေးကို မဂဇင်းတစ်ခုမှ ကူးယူ ထားတာပါ ခင်ဗျား။

    AddThis Social Bookmark Button

    Linux OS ကို Thumb Drive နဲ့ သုံးရအောင်

    Boot လုပ်နိုင်တဲ့ Linux thumb drive open-source Operating System ကို သုံးစွဲဖို့ အတွက် သင့်ရဲ့ hard drive ကို ဘာမှ ပြောင်းလဲ လုပ်ဆောင် ပေးဖို့ မလိုဘဲ သုံးစွဲ နိုင်ပါတယ်။ အလွယ်ဆုံးက Linux install လုပ်ပြီးသား thumb drive ၀ယ်ယူ တာဖြစ်ပြီး။ အဲဒီ Linux ထည့်သွင်း ပြီးသား 256 MB Thumb drive ကို ဒေါ်လာ ၆၀ နဲ့ ရောင်း ချပါတယ်။ တကယ်လို့ သင်ဟာ သင့်ဘာသာ သင် install လုပ်သုံးစွဲချင်ရင် Damn Small Linux OS ကို အဲဒီ Web site၊ ဒါမှမဟုတ် Puppy Linux ကနေ download လုပ် ရယူနိုင် ပါတယ်။ အဲဒီ OS နှစ်မျိုး စလုံးဟာ application တွေပါ ရနိုင်ပြီး နှစ်ခုစလုံး အခမဲ့ ပါ။

    ဒီ ပို့စ်ဟာ www.pcworld.com က ကောက်နှတ် ထားခြင်းပါခင်ဗျာ။

    Technorati tags:
    , , , , , ,

    AddThis Social Bookmark Button

    You Tube က ဗီဒီယိုကို download ဘယ်လိုလုပ်မလဲ

    ကျွန်တော် အရင်က KeepVid လို youtube ဒေါင်းလုဒ် လုပ်လို့ ရမယ့် ဆိုဒ်တွေ မသိခင် ကတည်းက youtube က ဗီဒီယို သီချင်းတွေ ဒေါင်းလုဒ် လုပ်လို့ ရမယ့်နည်း ကျွန်တော် တွေ့ထား ခဲ့တာ တစ်ခု ရှိတယ်ဗျ။ အဲဒါ က ie နဲ့ပဲ လုပ်လို့ ရတယ်။ ကျန်တဲ့ browser တွေနဲ့တော့ မလုပ်တတ်ဘူး ခင်ဗျ။ ဒီလိုလေးပါ။ Tools menu က Internet Options ကို ဖွင့် လိုက်ပါ။ ပြီးရင် History က Days to keep pages in history ဆိုတဲ့ box မှာ 20 လောက် ရိုက်ထည့် လိုက်ပါ။ နောက် အပေါ်က Temporary Internet files ဆိုတဲ့ box က Settings ဆိုတဲ့ ခလုတ် ကို ကလစ် လုပ်ပါ။ ပြီးရင် အဲဒီက ပြထားတဲ့ Amount of disk space to use မှာ 1000 MB လောက် ပြောင်းရိုက် လိုက်ပါ။

    ပြီးတော့ အပေါ်က check မှာ Every visit to the page ဆိုတဲ့ စာသား မှာ ကလစ် ထည့်လိုက်ပါ။ နောက် ok ကလစ် လုပ် လိုက်တော့။ နောက် တစ်ချက် ok ကို ကလစ် လုပ်ပါ။ လုပ်ထား တာတွေ effect ဖြစ်အောင် ie browser အကုန် ပိတ် လိုက်ပါ။ နောက် ie အသစ် ပြန်ခေါ်ပြီး youtube က ကိုဒေါင်း လုဒ်လုပ်ချင် တဲ့ ဗီဒီယို ကို ဆုံးအောင် ကြည့်ပါ။ သီချင်း တစ်ဝက် တစ်ပျက်မှာ ကွန်နက်ရှင် ကြောင့် ဖြစ်ဖြစ် တစ်ခုခု ကြောင့် ရပ်သွား ခဲ့ရင်တော့ အဲဒီနေရာ အထိပဲ ဒေါင်းလုပ် လုပ်လို့ ရပါ လိမ့်မယ်။ ကြည့်ပြီးရင် (ဗီဒီယို ပြီးသွားတာ သေချာရင်) တော့ Tools bar ကို ပြန်ဖွင့်ပါ။ နောက် အဲဒီထဲက Setting ဆိုတဲ့ button ကို နှိပ်ပါ။ နောက် box တစ်ခု ပေါ်လာတဲ့ ထဲက View Files ဆိုတာ ကို နှိပ်ပါ။ အဲဒီမှာ D:\Documents and Settings\ksw\Local Settings\Temporary Internet Files ဆိုတဲ့ explorer ပွင့်လာလိမ့်မယ် (explorer Address ကတော့ ကိုယ့်စက်ပေါ် မှုတည်ပြီး colum ကွဲပါ လိမ့်မယ်)။ ပြီးရင် View မှာ Detail ပြောင်းပါ။ နောက် ဘားပေါ်က size ကို ကလစ် လုပ်ပြီး ascend လုပ်ပြီး ကြီးစဉ် ငယ်လိုက် စီလိုက်ပါ။ အဲဒီမှာ ဖိုင် ဆိုဒ်ကြီးကြီး နဲ့ get video (များသော အားဖြင့် အဲဒီနာမည်) နဲ့ flv ဖိုင် တွေ့ရလိမ့်မယ်။ အဲဒီ ဖိုင် ကို copy လုပ်ပြီး ဖိုဒါ တစ်ခုထဲ paste လုပ် လိုက်ပါ။

    နောက် ဖိုင်ကို convert လုပ်ဖို့ ImTOO ဆော့ဝဲ နဲ့ဖွင့်ပြီး File menu ထဲက Add ကို ကလစ် လုပ်ပါ။ ပေါ်လာရင် ခုဏ က ဗီဒီယို ဖိုင်ရှိတဲ့ နေရာကို ညွှန်းပါ အဲဒီ နေရာ ရောက်ရင် Supported Files ဆိုတဲ့ box ထဲက All Files(*.*) လုပ်ပြီး ဗီဒီယို ဖိုင်ကို Open လုပ်ပါ။ နောက် ကိုယ် လိုချင်တဲ့ video file အမျိုး အစားကို ပြောင်းလိုက်ပါ။ ဒါဆိုရင် youtube က ဗီဒီယိုတွေကို web site သုံးစရာမလိုဘဲ ဒေါင်းလုဒ် လုပ်လို့ရပါပြီ။ youtube အပြင် Grouper လို တခြား ဆိုဒ်တွေပါ ဒေါင်းလုပ် လုပ်လို့ရပါတယ်။ အဲဒီလို လုပ်လို့ မရတဲ့ ဆိုဒ်တွေ လည်းရှိ ပါတယ်။ ဥပမာ - Roadrunner Records လို ဆိုဒ်မျိုးကတော့ ဗီဒီယို ဖိုင်က .DAT ဖိုင် အနေနဲ့ Temp ထဲမှာတွေ့ ရတယ် အဲဒီဖိုင်ကို ဖွင့်ကြည့်လို့ မရဘူးဗျ။ နောက် convert လုပ်လို့လည်း မရပါဘူး။ ဒါပေမယ့် ဘာအရေးလဲ youtube ဒေါင်းလုဒ် လုပ်လို့ ရနေပြီပဲ။ ဟုတ်တယ် ဟုတ်။

    Technorati tags:
    , , , , , ,

    AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font